Wednesday, August 26, 2015

♫♥✿* ကြိုးမဲ့စွန် ♫♥✿*

ကျွန်မဘဝက မိသားစုဆိုတဲ့အသိုက်ပျက်ထဲမှာ ရှင်သန်ကြီးထွားလာခဲ့ရတဲ့ အတောင်ကျိုး ငှက်တစ်ကောင်ပါ  အသိုက်ပျက်ထဲမှာ သောကမျိုးစုံကို ခံခဲ့ရတဲ့ငှက်ငယ်လေးတစ်ကောင် ဟာ သူတစ်ပါးလို အတောင်စုံတာနဲ့ အဝေးကို ပျံနိုင်မယ့် သတ္တိတွေ ခွန်အားတွေ သူ့မှာရှိမနေခဲ့ဘူး
ဒါဟာ ကျွန်မအတိတ်က ပေးတဲ့ ဘဝရဲ့ ဝဋ်ကြွေး လို့ခံယူထားတယ်
ကျွန်မ ရင်ခုန်တတ်စဆယ်ကျော်သက်အရွယ်မှာ သူများတွေလို အချစ်ဆိုတဲ့အရသာကို ခံ စားကြည့်ချင်တဲ့ လက်တည့်စမ်းချင်တဲ့စိတ်ထက်
အချစ်ကို လူငယ်တွေ ဘာ့ကြောင့် ခံစားကြတာလဲ ရည်းစား ဘာ့ကြောင့်ထားကြတာလဲ ဒီလူတစ်ယောက်ကို ငါ ဘာ့ကြောင့် ချစ်တာလဲ တစ်သက်လုံးငါချစ်နိုင်မလား ဆိုတာအရင်တွေးတယ်  ရည်းစားထားလို့ကိုယ့်အတွက်ကောင်းကျိုးဆိုးကျိုးဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ အရင်တွေးတယ်
ပထမ ရင်ဆိုင်ရမှာက အိမ်က လူတွေရဲ့ မသင်္ကာမျက်ဝန်း ဆူပူမှု ချုပ်ချယ်ကန့်သက်မှု
ကျွန်မကို အထင်သေးတဲ့မျက်လုံးနဲ့ ကြည့်တာ လုံးဝခံချင်တဲ့သူမဟုတ်သလို ချုပ်ချယ်တာလဲမကြိုက်ဘူး

ကျွန်မကိုယ့်ကိုယ်ကိုယ် အချုပ်အချယ်ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် ရပ်တည်နေရတာသိပ်ကြိုက်ခဲ့တယ် ကျွန်မကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ ရှင်သန်ရတာ သဘောကျတယ်
ကျွန်မဘဝကို လူတွေစိတ်မဝင်းစားတဲ့ အလေးမထားတဲ့ သက်မဲ့စွန်လို ပဲ နေချင်တယ် ဘဝကို အသိဆိုတဲ့ကြိုးနဲ့ချည်ပြီး စွန်တွေလို လူတွေနဲ့ကင်းကင်း ကောင်းကင်မှာလွတ်လွတ်လပ်လပ် နေရတာသဘောကျတယ်  အဲ့ဒါကြောင့်
ကျွန်မရဲ့ လွတ်လပ်ခွင့်ကို ဆုံးရှုံးစေမယ့် ဆယ်ကျော်သက်ဘဝက ရည်းစားစာတွေကို သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ရယ်စရာဟာသလုပ်ပစ်ခဲ့တယ် သိပ်မကြာပါဘူး ကျွန်မကို ချစ်ပါတယ် မင်းဟာကိုယ့်အတွက် ရွှေသခင်မလေးပါဆိုတဲ့သူတွေ  တစ်ခြားတစ်တောက်ကိုလိုက်လို့ရတော့ ပါသွားကြရော
အဲ့ဒီကတည်းက
ဆယ်ကျော်သက်အချစ်ဆိုတာ စိတ်မချရတဲ့အချစ် တန်ဖိုးမထားသင့်တဲ့အချစ် လို့ ထင်လိုက်ပါတယ်
နောက်တစ်ယောက်ကို အစားထိုးနိုင်တယ်ဆိုကတည်းက အချစ်ဆိုတာ လူငယ်တွေအတွက် ရူးသွပ်စွဲလမ်းသင့်တဲ့အရာမဟုတ်ဘူးလို့ သိလာခဲ့တယ်
ဆယ်ကျော်သက်ဘဝမှာ အချစ်ထက် ဘဝရည်မှန်းချက် က ပိုအရေးကြီးတယ် ပိုတန်ဖိုးရှိတယ်လို့ လက်ခံပြီးအချစ်ကို ဥပေက္ခာပြုခဲ့တယ်

ကျွန်မ ဆယ်တန်းအောင်လို့ နှစ်ဆယ်ကျော်အရွယ်မှာ လူတစ်ယောက်နဲ့ စတွေ့ခဲ့တယ် ယောကျာ်းတွေကို အထင်မကြီးတဲ့ကျွန်မ အချစ်ဆိုတာ အယုံအကြည်မရှိတဲ့ ကျွန်မ သူ့အပြုံးအောက်မှာ ရုန်းထွက်မရခဲ့သလို သူ့စကားသံအောက်မှာ အလိုလို ကြည်နူးတတ်လာတယ် သူ့နဲ့ဆုံရင် အဖေ့အပေါ် ဆိုးသလို အနိုင်ကျင့် ဗိုလ်ကျဆိုးတတ်လာတယ် ကျွန်မပြောသမျှစိတ်ရှည်သည်းခံတတ်တယ် ကျွန်မအပေါ် လူကြီးတစ်ယောက်လို စိတ်ရှည် ရှည်နဲ့  ရှင်းပြတတ်တယ်
ဝမ်းနည်းအားငယ်တဲ့အချိန် သူ့အနားမှာနေရရင် အလိုလို ပြီးပြည့်စုံသွားတယ်
အဲ့ဒီခံစားချက်တွေကို ကျွန်မ ရိုးရိုးလေးပဲ ခေါင်းစဉ်တပ်လိုက်တယ် မမြင်နိုင်တဲ့**သံယောဇဉ်***
သူ့မှာ သူ့ကိုချစ်တဲ့ချစ်သူ ရှိနေခဲ့တယ် 
သူချစ်တဲ့သူနဲ့ ဘဝခရီးလျှောက်လှမ်းသွားရင်တောင် အဲ့ဒီလမ်းမှာသူ့ကို မပင်ပန်းစေချင်ဘူး သူပျော်နေတာပဲမြင်ချင်ခဲ့တယ် သူ့ချစ်သူက သူ့ကိုအရာရာ
ဖြည့်ဆည်းပေးနိုင်တဲ့ သူတစ်ယောက်ပဲဖြစ်စေချင်ခဲ့တယ်
သူပျော်နေရင် ကျွန်မလဲစိတ်ချမ်းသာတယ်
သူ့ခြေသူ့လက် တွေကျိုးသွားခဲ့ရင်တောင် မျက်ကန်းတစ်ယောက်ဖြစ်သွားရင်တောင်
သူ့ကိုချစ်ပါတယ်ဆိုတဲ့ သူတွေ စွန့်ခွာမသွားစေချင်း သူ့အနားမှာ ထာဝရဖေးမရှိနေစေချင်တယ်
ကျွန်မဆုတောင်းမပြည့်ခဲ့ဘူး သူ့အသဲခွဲခံရတယ်
အချစ်ကြောင့် နာကျင်ကြေကွဲနေတဲ့ သူ့ခံစားချက်ကိုမြင်လေကျွန်မ အချစ်ဆိုတဲ့ အရာကို ပိုမုန်းလေပဲ ဘာ့ကြောင့်အဲ့ဒီအချစ် ကလူတွေကို နာကျင်မှုတွေပေးနေရတာလဲ
ချစ်ရမှာကိုကြောက်လာတဲ့ကျွန်မ ရင်ထဲက ခံစားချက်တွေကိုဘယ်တော့မှ အချစ်လို့ ခေါင်းစဉ် တပ်မှာမဟုတ်ဘူး  အချစ်ကိုကြောက်လာတယ်  အဲ့ဒီအချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဘဝကိုနာကျင်မှုတွေနဲ့အကျဉ်းမချထားချင်ဘူး
ဘဝမှာအချစ်ရှိမှ ပြီးပြည့်စုံမတဲ့လား
သံယောဇဉ်ဆိုတဲ့ ကြိုလေးတစ်ချောင်းရယ် နားလည်မှုစွန်လေးတစ်ခုရယ်ရှိရင်ပဲ
လောကကြီးရဲ့ ကောင်းကင်ထဲမှာ ဘဝက ပျော်ပျော်ရွှင်ရွှင်အပူပင်ကင်းကင်းနဲ့ လွတ်လပ်စွာ ရှင်သန်နေလို့ရတယ် လေ
သိပ်မကြာပါဘူး ကျွန်မနဲ့ သူ့ကို ကံတရားက တစ်မြေဆီ ပို့ခဲ့ကြတယ်
ဘဝသစ်မှာ စိတ်သစ်လူသစ် နှလုံးသားအသစ်နဲ့ သူပျော်နေမှာပါလေ

ကျွန်မ သုံးဆယ်ကျော်မှာ မထင်မှတ်ပဲ  ပြန်ဆုံရတယ်
သူနဲ့ ပြန်ဆုံဖြစ်ဖို့တစ်ကူးတစ်က ဆုမတောင်းဖြစ်ဘူး ကံမကုန်သေးရင် တစ်နေ့မှာပြန်ဆုံလိမ့်မယ်လို့ ယုံကြည်ချက်တစ်ခုပဲထားခဲ့တယ် 
ကျွန်မယုံကြည်ထားတဲ့အတိုင်း ပြန်ဆုံခဲ့တယ် ပြန်ဆုံချိန်မှာ
သူ့ရင်ထဲမှာ အရင်လိုပဲ ဒဏ်ရာတွေအများကြီး ဆိုတာသိလိုက်ရတော့ ကျွန်မ ဝမ်းနည်းလွန်းလို့ ငိုမိတယ်
အကြိမ်ကြိမ်အခါခါ အသဲကွဲနေတဲ့ သူတစ်ယောက်ကို နှစ်သိမ့်ဖို့ အကောင်းဆုံးက တိတ်တိတ်လေး နေပေးလိုက်တာ ကောင်းမယ်လို့
ဆုံးဖြတ်ပြီး သူနဲ့ ဝေးဝေးနေပေးလိုက်တယ် သူ့ကဗျာတွေကို သူနဲ့ထပ်တူခံစားပြီး ကျွန်မ တိတ်တိတ်လေးငိုနေမိတယ် ဒါဟာ သူ့အပေါ်ထားတဲ့ ကျွန်မရဲ့နောက်ဆုံးသံယောဇဉ်ပါ သူ့ဆီကအေးစက်မှုတွေ စိမ်းကားမှုတွေ တစ်သက်စာရလိုက်တဲ့အတွက် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပို အားကိုးတတ်လာတာ ပိုယုံကြည်တတ်လာတယ်
သူ့အတ္တ  သူ့ခံယူချက်ကြောင့် ချစ်ခြင်းကင်းတဲ့ အထီးကျန်ကောင်းကင်မှာ သူပျော်နေသလို
ကျွန်မလဲ အထီးကျန်ကောင်းကင်ထဲမှာ ခံစားချက်အသိကြိုးကိုဖြတ်ပြီး  ကြိုးမဲ့စွန်ငယ်လေးလို လေနှင်ရာ လွတ်လပ်စွာ သွားနေချင်ပြီ
အထီးကျန်ကောင်းကင်အောက်မှာ နေခဲ့တဲ့သူနှစ်ယောက်ဘယ်တော့မှ ပြန်ဆုံဖြစ်မှာလဲ မဟုတ်တော့ဘူး
ပြန်ဆုံဖို့လဲဆုမတောင်းရဲတော့ဘူး

No comments: